ကလေးတို့အရွယ် ချစ်စဖွယ်

| | 0 comments


ကျွန်မ လွန်ခဲ့တဲ့ နှစ်ရက်လောက်က တာရာမင်းဝေရဲ့ ဆောင်းရာသီဒသနဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်တယ်… အဲဒီစာအုပ်ကို ဖတ်ပြီးတော့ ကလေးတွေရဲ့ အပြစ်ကင်းပြီး ကဗျာရွတ်တာလေးကို မြင်ယောင်မိတယ်… ကျွန်မရဲ့အတွေးထဲမှာတော့ ငယ်ရွယ်စဉ်အခါတုန်းက ကဗျာရွတ်ပြိုင်ပွဲလေးတစ်ခုစီကိုပေါ့…း)… အခု ကလေးတွေ ရွတ်ဆိုတဲ့ ကဗျာလေးတွေကို ဖော်ပြထားပါတယ်… ရွတ်ဆိုရင်း ဘဝအမောတွေ ပြေပြောက်နိုင်ပါစေ… စိတ်၏ကြည်နှုးခြင်းများနဲ့အတူ လူလဲ ကြည်လင်လန်းဆန်း လာနိုင်ပါစေ...

အမေ့ရင်ခွင်

အမေ့ရင်ခွင် ကုတင်လုပ်လို့
စက်ဝန်းမိုးကုပ် မော့ကြည့်ရာ
လမင်းထိန်ထိန်သာ
ကြယ်ကလေးတွေ မှန်ပြာပြာ
တချို့မှာ ထိန်ထိန်းလင်း
ညမွှေးပင် အိမ်ခေါင်ရင်းက
လေဝေ့ရင်သင်း။ ။

(တေးကဗျာတင်ချိုဦး)
.............................................................................

ဟောဒီလို

ဝါးပင်ကြီးတွေ ဘယ်လိုယိမ်း
ဟောဒီလို ယိမ်း။
ငှက်ခါးစိမ်းက ဘယ်လိုပျံ
ဟောဒီလို ပျံ။
ပင်လယ်ဖျံက ဘယ်လိုသွား
ဟောဒီလို သွား။
ကိုရွှေဖားက ဘယ်လိုခုန်
ဟောဒီလို ခုန်။
ဗုံသံကြားတော့ ဘယ်လိုက
ဟောဒီလို က။ ။

(တေးကဗျာတင်ချိုဦး)
.................................................................................

သရုပ်ဆောင်ကြမယ်

လေးဘက်တွားလို့ သွားရအောင်
ခွေးကလေးတစ်ကောင်လို
တို့သရုပ်ဆောင်
ဟောင်သံလေးက ဝုတ်ဝုတ်
ငုတ်တုတ်ထိုင်လို့ အမြီးလေးလှုပ်
ဝုတ် ဝုတ် ဝုတ် ဝုတ်….
ဘဲလေးလုပ်လို့ သရုပ်ပြမယ်
ပုကွကွလေး လျှောက်ကြကွယ်
အတောင်ငယ်နှစ်ဖက်က ဖျတ်ဖျတ်
ခေါင်းလေးထောင်လို့ မတ်မတ်ရပ်
ဂတ် ဂတ် ဂတ် ဂတ်… ။

(တေးကဗျာတင်ချိုဦး)
.................................................................................

Smile And Try

( Smile… Smile… Smile… Everybody smile
Cry… Cry… Cry… We will never cry
Try… Try… Try… We must always try )2
( Ever Smile… Never Cry )2
We must always try…


Read more...

နှစ်ဆယ်ရာစုရဲ့အဆုံးသတ်

| | 0 comments

နှစ်ဆယ်ရာစုရဲ့အဆုံးသတ်

ဘဝဆိုတဲ့ ခရီးလမ်းကြောင်းကို
မမောတန်း လျှောက်လှမ်းရင်း
နှစ်ဆယ်ရာစုကိုကျောခိုင်း
သုံးဂဏန်းရဲ့အစကို
ရောက်ခဲ့ပြီ...

ဒီနေ့ ဒီလိုအချိန်
ဟိုးအဝေးအတိတ်လွင်ပြင်မှာ
အမေပီတိတွေဝေဖြာနေမလား
အန္တရယ်တွေဖြတ်ကျော်နေမလား...

ဒီနေ့ဒီလိုအချိန်မှာတော့
တစ်နှစ်တစ်ခေါက် မရိုးရလေအောင်
အမေ သမီးကို
ဆုမွန်တွေချွေပေးနေတယ်...

အချိန်တွေဒီရေလိုတိုး
အတိတ်အနာဂတ်တွေမှာ
မျက်စိမှိတ်မကျန်ရစ်အောင်
တွန်းအားတွေပေးခဲ့တဲ့အမေ...

ရာစုနှစ်တွေပြောင်းသွားသည့်တိုင်
ဘယ်သောကာလမဆို
အမေ့မျက်ဝန်းမှာ
လူလားမမြောက်သေးတဲ့
ကလေးအရွယ်တဲ့လားအမေ...

ထာဝစဉ်အမေ့အပြုံးတွေ
အသက်ဝင်စေဖို့
သမီးကြိုးစားလျှက်ပါ...

(ကြယ်စင်နတ်သမီး)

***************************************
တစ်ခါပြန်လာ ၁၉ စက်တင်ဘာ

နေ့ကို ညသယ်
ညကို နေ့ပြန်သယ်
ကမ္ဘာကြီးလည်ရင်း
မပြောင်းလဲသေးတဲ့ သူတစ်ယောက်ကလည်း
ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပြီ .....

ပစ္စုပ္ပန် မှာ ပြုလုပ်ခြင်းက
အတိတ် ဖြစ်ခဲ့သလို
အနာဂတ်ရဲ့ ဖြစ်တည်မှုဆိုတာလည်း
ပစ္စုပ္ပန် ကို စောင့်မျှော်ခြင်းဖြစ်တယ် ...

ပူခြင်း အေးခြင်း
မွှေးခြင်း နံခြင်း
ဖြစ်ခြင်း ပျက်ခြင်းတွေနဲ့ သတ္တလောက
ဘယ်လိုကကြိုးတွေနဲ့ က က
ဘဝဆိုတာ ဘဝပါပဲ ...

အဲဒီ ဘဝ ထဲမှာ လဲ
ဖျက်မရတဲ့ အမှတ်တရတွေရှိတယ် ...

အစက်ကျသမျှ အရုပ်ထင်ရတဲ့ သံသရာ
အဖန်တရာမက ဒီလိုနေ့မျိုးတွေရခဲ့တာပဲ ...

မှန်ရာကို မသိသေးသမျှလည်း
ဒီလိုနေ့တွေ ငါတို့ ထပ်ရနေဦးမှာပဲ ...
တစ်ခါပြန်ကျတဲ့ ဒီနေ့
ဒီဘဝအတွက် ဒီတစ်ခါပဲတွေ့ရတာမို့
အမှတ်တရ တစ်ခု ဖြစ်ခဲ့ပြီ ...

မော်ကွန်းမတင်ပါ
ကဗ္ဗည်းမထိုးပါ
ရိုးရိုးလေး မှတ်ယူ
သူမရင်ထဲမှာပဲ မိုင်တိုင်ထူခဲ့ပြီ ...

အယူအဆ မတူကြတဲ့လောက
သူမအတွက်တော့ ဒီနေ့က အမှတ်တရတစ်ခု
အချက်ကျကျပြုပြီး ဘ၀ကို ဖြတ်
ရပ်နေရတဲ့နေရာမှာ ပျော်အောင်နေရင်း
နေကို နောက်တစ်ပတ်ပြည့်ဖို့ ပြန်မျှော်နေဦးမယ် ....


စက်တင်ဘာ ၁၉ ဆိုတာ
အချိန်တွေ ဘယ်လို တိုးတိုး
သူမအတွက် မရိုးနိုင်တဲ့ ဆန်းသစ်မှု တစ်ခုမို့
အခုကစ နောင်ကြုံမယ့် ကာလမှာ
လိုအပ်ဟူသမျှ ပြည့်ပါစေ .....

(ဖြိုးငယ်)


************************************************


ရင်မှာတွယ်ယှက် မေ့ဖို့ခက်တဲ့
အစဉ်မြတ်နိုး စက်တင်ဘာ ၁၉ ... သို့

မမျှော်လင့်ပေမယ့် ဆုံတွေ့ခဲ့တဲ့
မိုးရာသီရဲ့ ညတညပေါ့...
ရေစက်တွေကို အဖော်ပြုရင်း
အေးချမ်းမှုကို ရစေခဲ့တဲ့ နာမည်က အစတည်လို့...
ကိုယ်တိုင် မိတ်ဆက်ခဲ့တာ မမေ့နိုင်ပါဘူးလေ။

အရောင်မဆိုးတဲ့ ခင်မင်မှုတွေကို အဖော်ပြု
ရမ်းမထိတဲ့ မိုင်းဗုံးလို ငြိမ်သက်ခဲ့တယ်လေ...
ချစ်ခြင်းရယ် မဆိုင် ဘယ်လိုများ တွယ်မိပါရဲ့
တယ်ဆိုးလိုက်တာလို့ မပြောချင်တော့တာ
မကြီးသိပါတယ်လေ။

(အောင်ဦး)
**********************************************
ချစ်ခြင်းများစွာဖြင့်

ပထမ…
အမေ့ကို မှီခဲ့တယ်
ကိုးလလွယ် ဆယ်လဖွားစဉ်က အူဝဲတဲ့…။ ။
ဘာတွေ အဆင့်ဆင့် ဖြတ်သန်းလာတော
့အမေ..အမေ… အဝေးမှာ ရှိနေသရွေ့ အမေ့ကို လွမ်းတယ်…
အမေ.. ဒီနေ့ သမီး မွေးနေ့လေ…
အမေ့ရင်ထဲမှာ အမေ့ချစ်သမီးအတွက်
ဗလောင်ဆူပြီး ရင်ထဲမှာ သမီးဆိုတာ ပူနေမလား…။ ။
လိမ္မာနေပါတယ်… ကြိုးစားနေပါတယ်…
သမီးက အမေ့ရဲ့… တစ်…
အားလုံးရဲ့…. တစ်…
အမေ့… သမီး အမေ့ကို ကန်တော့ပါတယ်…
ချစ်ခြင်းများစွာနဲ့… တစ်ဖြစ်ချင်တဲ့ သမီး။ ။

(သားဖြိုး)
Read more...

ရင်လှိုင်းခတ်သံ

| | 0 comments


သံယောဇဉ်တွေနှောင်ဖွဲ့
မေတ္တာတွေရစ်ပတ်ခဲ့ပြီးမှ
အမုန်းတရားတွေကို ဖန်တီးခဲ့လေသလား ချစ်သူ

အချစ်ရဲ့ချိုသာတဲ့စကားလေးတွေနဲ့
အချစ်မဲ့တဲ့ငါ့ဘဝမှာ
အချစ်ရဲ့ယုယမှု့လေးတွေကို
စောင့်မျှော်နေရတဲ့ငါ့အတွက်
ဘဝတစ်သက်စာ
ကြင်နာမှု့လေးတွေ ပေးပါတော့လား ချစ်သူ

မျှော်လင့်ချက်တွေမဖြစ်ခဲ့တဲ့
ငါ့ရဲ့အနာဂတ်မဲ့ အချစ်ကမ္ဘာတစ်နေရာလေးမှာ
အချစ်ရဲ့ယုယမှု့နဲ့အတူ
သမုဒယသံယောဇဉ်လေးတွေကို
နေဝင်သည်အထိ စောင့်မျှော်ပါရစေလား ချစ်သူရယ်

(ကြယ်စင်နတ်သမီး)
Read more...

မိုးနဲ့အတူ

| | 0 comments


ဆွတ်ပျံ့စိုစွတ်တဲ့ မိုးရေရဲ့အထိအတွေ့ကြောင့်
ဖူးပွင့်လာတဲ့ ရာသီပန်းလေးတွေဟာလည်း
ရွှေပျား၊ ပိတုန်းငယ်တို့ရဲ့ နမ်းရှိုက်မှု့ကို
မျှော်လင့်နေကြလေရဲ့♥♥♥

အေးမြကြည်နူးခြင်းအပြည့်ပေးစွမ်းနိုင်တဲ့
မိုးရေတွေရဲ့အလယ်မှာ
မင်းနဲ့ဒို့ တစ်ဦးနဲ့တစ်ဦး
အချစ်သင်္ကေတမျှော်လင့်ချက်လေးတွေ
ဖလှယ်ခဲ့ကြတယ်လေ♥♥♥

နွေးထွေးမှု့အတိပေးစွမ်းနိုင်တဲ့
မင်းရဲ့ရင်ခွင်ကြောင့်
ဒို့ရဲ့အနာဂတ်မျှော်လင့်ချက်အချစ်ကမ္ဘာလေး
ရှင်သန်နိုးထလာခဲ့တာ
မိုးရာသီတွင်း
မင်းရဲ့ယု့ယမှု့ရင်ခွင်တွင်းမှာပဲပေါ့♥♥♥

ရာသီအလိုက်ပန်းလေးတွေ
အမြဲတမ်းဖူးပွင့်နေကြသလို
မင်းရဲ့အချစ်အနမ်းလေးတစ်ပွင့်ဟာလည်း
ဒို့အတွက် မိုးရေရဲ့အထိအတွေ့ကြောင့်
ဖူးပွင့်လာတဲ့ပန်းလေးတွေရဲ့
မျှော်လင့်ချက်လေးတွေ
ပြည့်စုံမှု့အတိ ရရှိသွားသလိုပါပဲ
ချစ်သူရယ်♥♥♥

♥♥♥(ကြယ်စင်နတ်သမီး)♥♥♥
Read more...

ကျွန်မရဲ့အပျင်းကြီးသောတစ်နေ့တာ

| | 0 comments


ဖျောက်... ဖျောက်... ဖျောက်..."
ဆိုတဲ့ အသံလေးက နားထဲကို ညင်သာစွာ ဝင်ရောက်လာပါတော့သည်... အင်း... မိုးရွာနေပြီပဲ... မျက်စိက မပွင့်ချင်ပွင့်ချင်နဲ့ ပွင့်လာပြီး နာရီလှမ်းကြည့်တော့ မနက် ၇ နာရီပဲရှိသေးတယ်... ဒီနေ့တော့ အလုပ်ပိတ်ရက်ဆိုတော့ အေးဆေးနှပ်မယ်ပေါ့ဆိုပြီး ဆက်ကွေးမလို့ဟာ ခေါင်းထဲကို အသိဥာဏ်တစ်ခု ဝင်လာတယ်... အား.... ဒုက္ခပဲ... ကားမှန်ပိတ်ဖို့ မေ့နေတယ်... အိပ်ရာပေါ်က ကမန်းကတန်းထ ကားသော့ကောက်ကိုင် တံခါးဖွင့်ပြီး အပြင်ဘတ်ကို ပြေးထွက်လိုက်တော့ မိုးက တော်တော်သည်း နေတာပြီကိုး... အဲဒါနဲ့ အိမ်ထဲတခေါက်ပြန်ဝင်ပြီး ထီးယူနေတုန်း မိုးကခြိန်းသေးတယ်... ဘုရားတပြီး အပြင်ပြန်ပြေးထွက်... ထီးဖွင့်... ကားဆီပြေးသွား... ကားမှန်အမြန်ပိတ်... ကူရှင်တွေကို ကြည့်လိုက်တော့ မိုးရေတွေ စိုလို့... ဘယ်အချိန်ထဲက ရွာနေလဲမသိတဲ့မိုး တော်တော်ဆိုးတာပဲ :P... အိမ်ဘတ်ကို ပြန်လာတော့ အိမ်ရှင်အဘွားကြီးက လှမ်းနှုတ်ဆတ်နေတော့ ကိုယ်ကလဲ ငါးခူပြုံးလေးနဲ့ ပြန်နှုတ်ဆတ်ရသေးတယ် ဟီး... သွားပြီးတော့ စကားပြောလို့ကလဲ မကောင်းဘူးလေ... မျက်နှာမသစ် သွားမတိုက်ရသေးပဲ အိမ်ထဲကနေ ကမန်းကတန်းထွက်လာတာကို...း)



အိမ်ထဲရောက်တော့ ထီးကို ရေချိုးခန်းထဲမှာ သွားထား... မြန်မာနိုင်ငံကနေ ပါလာတဲ့အထဲမှာ ဒီထီးတစ်ချောင်းပဲ ကျန်တော့တယ်ဆိုတော့ ရိုရိုသေသေ ကိုင်နေရသေးတယ်... ရေစိုနေတဲ့ ဘောင်းဘီရှည်ကိုလဲပြီး အိပ်ရာထဲ ပြန်ကွေးမလို့ဟာ မထူးတော့ပါဘူးဆိုပြီး မျက်နှာပါ တခါထဲသစ် ရေချိုး အင်္ကျီလဲလှယ်ပြီး အနွေးထည်ထပ်ဝတ်... ကွန်ပြူတာဖွင့်ထားတာကို ဂျီတော့ကိုပါ တခါထဲဖွင့်လိုက်တယ်... ဘယ်သူများ ရှိလဲတချက်ရှိုးလိုက်တော့ အလာလား... သူငယ်ချင်းတွေ အများကြီးပဲ အွန်လိုင်းမှာ စိမ်းနေတာပဲ...း)... သူတို့က လာဟိုင်းတာနဲ့ ဒီဘတ်ကလဲ မဟိုင်းသေးကြောင်း ပြန်ပြောပြရသေးတယ်... ဟိ ဟိ... ကျန်းမာရေးက ခပ်ကောင်းကောင်းဆိုတော့ ဖျားမှာသေချာလို့ တစ်ခုခုစားပြီး ဆေးသောက်ဖို့ လုပ်ရတော့တာပေါ့... အဲဒါနဲ့ မီးဖိုချောင်ထဲကို သွားကြည့်တော့ (ဘာများရှိမလဲဆိုပြီး သွားငမ်းတာ... ဟီး...) ဘာမှလဲ မရှိဘူး... ရုံးကအစ်မကြီး ပေးလိုက်တဲ့ ဟင်းတွေက မနေ့က အကုန်စားပစ်လိုက်ပြီ... နွားနို့ရယ်၊ ပဲနို့ရယ်၊ ပေါင်မုန့်ရယ်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တွေပဲ ကျန်တာတွေ့တယ်... ဟိုဘတ်အိမ်က အန်တီကြီးက ပြတင်းပေါက်ကနေ ကျွန်မကို မီးဖိုချောင်မှာ စားဖို့လိုက်ရှာနေတာ လှမ်းမြင်လိုက်လို့လား မသိဘူး...
"သမီး ပဲပြုတ်ထမင်းကြော် စားမလား... အန်တီကြော်ထားတယ်... လာစား..."
ဘယ်ရမလဲ ဒီကလဲ အားရဝမ်းသာနဲ့
"ဟုတ်ကဲ့ အန်တီ" ပေါ့... သူများကြော်ထားတာ အားရဝမ်းသာနဲ့ စားဖို့အတွက် ဟိုဘတ်အိမ်ကို သွားဖို့ ထီးပြန်ယူ... ဘောင်းဘီရှည်ကို ဒူးခေါင်းထိ ခေါက်တင်ပြီးတော့ ရှိုးစမိုးနဲ့ ကြွမြန်းတော့တာပေါ့.... ဟီး... မိုက်တယ်နော်... ထမင်းကြော်စားပြီး ခေါင်းကစတင်ကိုက်လာပါပြီ... အန်တီကလဲ စိတ်ပူပြီး ရေနွေးနဲ့ ဆေးကိုအတင်းပဲ သူ့ရှေ့မှာ သောက်ခိုင်းတော့တာပဲ... အားနာလို့ နောက်မှ သောက်မယ်ဆိုတာတောင် မရ... နို့မို့ဆို ဆေးမသောက်ပဲ အိပ်နေမှာဆိုးလို့တဲ့... ပြီးတာနဲ့ အခန်းထဲ ပြန်လာ... ကွန်ပြူတာပေါ်ကို ကြည့်လိုက်တော့ မကျေမနပ် ပြောထားတဲ့ တိုင်ပတ်ကွက်တွေကို မြင်ရပါပြီ... နင်က စကားမပြောချင်လို့ အိုင်ဒယ်အတုကြီးနဲ့ လုပ်ထားတာလား ဆိုတာက တစ်မျိုး... နင်က မာနကြီးနေတာလား ဆိုတာက တစ်ဖုံ... စွပ်စွဲချက်တွေ စွပ်စွဲချက်တွေ... ခုနတုန်းကလဲ အိုးစွပ်ခွက်စွပ် မစားရပါလားနော်... သေချာ ပန်းကန်ထဲ ထည့်စားတာမှ စွပ်စွဲတာတွေ ခံနေရတယ်... စတင်ပြီး မဟုတ်ပါဘူး အဲဒီလို မထင်ပါနဲ့ ဆိုတဲ့အကြောင်း အပြည့်အစုံရှင်းပြ ရတော့တာပဲ... ပြီးတော့ ချက်ချင်စိတ် သိပ်မရှိတာနဲ့ ဂျီတော့နစ်ကို အောက်ပြီး... ချစ်သူကို လွမ်းပြီး ကဗျာရေးရ ကောင်းနိုးနိုး... သီချင်းပဲ နားထောင်ရ ကောင်းနိုးနိုးနဲ့ ဟိုလည်လည် ဒီလည်လည် ဖြစ်နေပါရော... ဆေးအရှိန်နဲ့ အိပ်ကငိုက်လာတာနဲ့ ဘာမှမတွေးတာပဲ ကောင်းပါတယ်ဆိုပြီး အိပ်ပစ်လိုက်တယ်... ညနေ ၄ နာရီလောက်မှ မျက်စိ မပွင့်ချင် ပွင့်ချင်နဲ့ ပြန်ထလာတယ်... အပြင်ကို လှမ်းကြည့်လိုက်တော့ မိုးလဲတိတ်သွားပြီလေ... မျက်နှာပြန်သစ်... မီးဖိုချောင်ထဲကိုသွား နွားနို့ကို ခွက်ထဲထည့် မိုက်ခရိုဝေ့ဖ်နဲ့ အပူပေး... ပေါင်မုန့်နှစ်ချပ်ကို တစ်သျှူးတစ်ခုပေါ်တင်... အိမ်ခန်းထဲ ပြန်ဝင်... ကွန်ပြူတာမှာ မြေခွေးမီးလျှံကိုဖွင့်ပြီး မင်းသီလဒေါ့ကွန်းကို ရိုက်ထည့်ပြီး ရုပ်ရှင်ကြည့်ဖို့လုပ်... မိုးအေးအေးနဲ့ ရုပ်ရှင်ကြည့်ရင်း နွားနို့နွေးနွေးလေးသောက်လိုက် ပေါင်မုန့်လေးကိုက်စားလိုက်နဲ့ တော်တော့်ကိုတော့ အရသာရှိနေတာပဲ... ရုပ်ရှင်ကို နှစ်ကားလောက် ဆက်တိုက်ကြည့်ပစ်လိုက်တယ်... ည ၉ နာရီ ကျော်ကျော်လောက်မှာ ဂျီတော့ကိုပြန်ဝင်နေတုန်း ဗိုက်က ညစာစားဖို့ အချိန်တန်တော့ ဆန္ဒပြလာလေရဲ့... နေ့လည်တုန်းက မိုးရွာတာကို အကြောင်းပြုပြီး အပျင်းကြီးပစ်လိုက်တာ ဈေးကိုလဲမသွားနိုင်ဘူးလေ... ထုံးစံအတိုင်း မီးဖိုချောင်ထဲကိုသွား ကိုရီယား ခေါက်ဆွဲခြောက်လေးဖောက်ပြီး ပန်းကန်ထဲထည့်... ရေထည့်... ကြက်ဥတစ်လုံးဖောက်ထည့်... မိုက်ခရိုဝေ့ဖ်ထဲမှာ ၅မိနစ်အပူပေးလိုက်တော့ ကျွန်မစားနေကြ ကိုရီးယား ခေါက်ဆွဲခြောက် ပူပူနွေးနွေးလေး ရလာပြီပေါ့ရှင်... သူများတွေလို အိုးတွေဘာတွေ မလိုဘူး... မိုက်ခရိုဝေ့ဖ်ရှိရင် အဆင်ပြေတဲ့နည်းလေးပါ... ဟိ ဟိ... ထုံးစံအတိုင်း သီချင်းလေး နားထောင်လိုက် စားလိုက်နဲ့ မိနစ်၃၀ကတော့ အသာလေးကြာတာပေါ့... ဒီတညလဲ ကျွန်မရဲ့ အထီးကျန် အပျင်းတစ်တဲ့ ညစာက ဒီလိုနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်ရှင်... တခါတခါတော့ ရုံးက အစ်မကြီးတွေ ချက်ပေးလိုက်တဲ့ဟင်းနဲ့ နှစ်ပါးသွားချင်သွားတယ်... အန်တီကြီး ချက်ကျွေးတဲ့ဟင်းတွေနဲ့လဲ အိုကေချင် အိုကေနေတာပဲ... တစ်ခါတစ်ခါလဲ ကိုရီးယားလေးပေါ့...
မောင်လေးမိုးသောက် တတ်ခ်ထားလို့ ကျွန်မရဲ့တစ်နေ့တာ ဖြစ်ကလက်တန်း ကိုရီးယားနဲ့ နှစ်ပါးသွားပုံပြင်လေးပါရှင်... မောင်လေး ကျေနပ်မယ်လို့ ထင်ပါတယ်...း)
Read more...

အနမ်းမဲ့တဲ့ပင်လယ်ပြင်

| | 0 comments


လရောင်မဲ့တဲ့လမိုက်ညမှာ
လေညှင်းနဲ့အတူ
လရောင်ရဲ့အနမ်းကို
မျှော်လင့်နေရှာတဲ့
ပင်လယ်ရေပြင်ပြာလေးကတော့
ဒဏ္ဍာရီဆန်ဆန်
လွမ်းပုံပြင်တပုဒ်လိုပါပဲလား ☆☆☆

ဘယ်ဆီသောင်ကမ်း
ပြေးပုန်းနေလဲမသိတဲ့ လမင်းရေ
ကိုယ့်ရဲ့အလွမ်းတွေ ပြေပျောက်ဖို့
လရောင်ရဲ့အနမ်းတချက်တိုးဝေ့လိုက်မှသာ ☆☆☆

အနမ်းမဲ့တဲ့ပင်လယ်ပြင်မှာ
ကြယ်စင်တွေပျောက် အလင်းခလို့
ဆံနွယ်တဝှေ့
လေပြေကျီစယ်လိုက်မှ
ကိုယ်ရဲ့အလွမ်းတွေ
ပြေလျော့တော့မည်သာ ☆☆☆

အလွမ်းတွေပြေရော့ဖို့အတွက်
မင်းရဲ့အနမ်းတချက်တိုးဝေ့ချိန်လေးကို
စောင့်မျှော်ပါရစေချစ်သူရယ် ☆☆☆

☆☆☆(ကြယ်စင်နတ်သမီး)☆☆☆
Read more...

“မွေးနေ့ဆုတောင်းသ၀န်လွှာ”

| | 0 comments


ရက်၊ လ ရှည်ကြာ နေခဲ့သူ သူ့ဝမ်းမှာ
ရှုမချမ်းသာ ဒုက္ခအဖြာဖြာကို ရင်စီးခံကာ
ချဉ်၊ ငံ၊ ပူ၊ စပ် စသည် အစာကို လျှောင်ကြင်လျှက်
ငါ့အား စာနာထောက်ထားခဲ့တဲ့ အမေ…။

ကိုးလလွယ်၍ ဆယ်လဖွား
သူ့ဝမ်းတွင်းမှ လွတ်မြောက်ခဲ့သူ ငါ့အတွက်
ကြင်နာယုယ သူ့အနွေးဓါတ်ဖြင့်
ပြုစုခဲ့တဲ့ အမေ…။

လူရယ်သိစ အရွယ်ရယ်ရောက်
အရာရာညွှန်ပြ သူ့ဆုံးမကြောင့်
ကြောင်းကျဆင်ခြင် လူအသွင်သို့
ပြောင်းလည်း ဖန်တီးပေးခဲ့တဲ့ အမေ…။

ချိန်ခါအရွယ်ရောက် လူ့ဘ၀ထဲ
ကြင်လည်ကျက်စား လူသူအလည်မှာ
အရာရာမှာ မနိမ့်ကျစေဖို့
ဟိုဒီညွှန်ပြ စီစဉ်ဖြောင်းဖျပေးခဲ့တဲ့ အဖေ…။

ဥယျာဉ်မှူးအသွင် သူတို့တွေမှာတော့
ပြုစုပျိုးထောင်ပေးခဲ့တဲ့ ငါ့အတွက်
အောင်ညွန့်တလူလူ လေးတွေကိုခံစားပြီး
ပီတိကိုစား အားရှိနေခဲ့တဲ့ အမေနဲ့အဖေ…။


နှစ်တွေ အလီလီပြောင်းခဲ့သော်လည်း၊ အမေနဲ့အဖေရဲ့ နွေးထွေးမှုအရိပ်ရဲ့အောက်မှာ ကြီးပြင်းခဲ့တဲ့ သမီးအတွက် သမီးဘ၀တစ်သက် ဘယ်တော့မှမေ့လို့မရတဲ့ သမီးရဲ့မွေးနေ့လေးနဲ့ထပ်တူ အမေနဲ့အဖေကို ဂါရ၀ပြုနေမှာပါ…။

သမီးရဲ့ မွေးနေ့မှာ
သမီးအပျော်ရွှင်ဆုံးနေ့ဖြစ်သလို၊ သမီးရဲ့အမေနဲ့အဖေ၊ သမီးရဲ့ မိသားစုနွယ်၊ သမီးရဲ့ သူငယ်ချင်းများနှင့် သမီးနဲ့ ဆက်နွယ်ခဲ့သူများအားလုံး ပျော်ရွှင်ချမ်းမြေ့ခြင်းအတိနဲ့ အရာရာပြည့်စုံတဲ့ ဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ သမီးဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။



Read more...