ပလောပီနံမုန့်စားရအောင်

| |

ကျွန်မမေမေသင်ပေးထားတဲ့ ပလောပီနံမုန့်လေးလုပ်စားတဲ့နည်းလေးကို တင်ပြပေးလိုက်ပါတယ်ရှင်... ကျွန်မကတော့ ဘုန်းကြီးကျောင်းအလှူ၊ သူငယ်ချင်းမွှေးနေ့၊ တစ်ခါတစ်လေ သူငယ်ချင်းတွေစားချင်ရင် လုပ်ဖြစ်ပါတယ်... အခုတင်ပြပေးလိုက်တဲ့ ပလောပီနံမုန့်လေးက မြန်မာပလောပီနံမုန့်နဲ့မတူပါဘူးရှင်... တရုတ်မုန့်နဲ့တူပါတယ်... ဒီမုန့်ကိုဘွားဘွားက မေမေ့ကိုသင်ပေးခဲ့သလို မေမေကလဲ ကျွန်မကို သင်ပေးခဲ့ပါတယ်... ကျွန်မတို့နေတဲ့နေရာက ရယ်ဒီမိတ်တွေ အဆင်သင့်ရနေတော့ ကျွန်မကလဲ ရယ်ဒီမိတ်တွေနဲ့ လုပ်တဲ့နည်းလေးပဲ ရေးလိုက်ပါတယ်...


လိုအပ်သည့်ပစ္စည်း----
(၁) ပလောပီနံခြစ်ပြီးသားအထုပ် ၂ ထုပ် (တစ်ဆိုက်ဒ်ထဲသာလာပါသည်။)
(၂) ကြက်ဥ ၅ လုံး
(၃) နို့စိမ်း ၁ ဗူး
(၄) နို့ဆီ ၁ ဗူး
(၅) အုန်းနို့ ၁ ဗူး
(၆) သကြား စားပွဲဇွန်း ၂ ဇွန်း
(၇) ထောပတ် အနည်းငယ်
(၈) ဆား အနည်းငယ်


မုန့်ဖုတ်မည့်ဗန်း ၁၅လက်မ၊ ၈လက်မ ဗန်းကို ထောပတ်အနည်းငယ်ဖြင့် ဘေးပတ်ပတ်လည်နှင့် အောက်ဘတ် ကိုသုတ်ထားပေးပါ..... ပထမဦးစွာ ကြက်ဥကို ဇလုံကြီးကြီးတစ်ခုတွင် ဖောက်ထည့်ကာ ပွလာအောင် ခလောက်ပါ..... ပြီးပါက နို့စိမ်း၊ နို့ဆီ နှင့် အုန်းနို့ တို့ကိုပါဖောက်ထည့်ကာ ကြေညက်စွာ မွှေပါ..... သကြားနှင့်ဆား အနည်းငယ်ပါ ရောမွှေပါ..... ပြီးပါက ပလောပီနံခြစ်ပြီးသား အထုပ်လေးတွေကို ဖောက်ထည့်ပါ..... နှံအောင် ထပ်ခါထပ်ခါ မွှေပေးပါ..... ပြီးပါက ထောပတ်သုတ်ထားသည့် ဗန်းထဲသို့ လောင်းထည့်လိုက်ပါ..... ဖုတ်မည့် မီးဖို(oven)ကို အပေါ်မီးအောက်မီး အပူချိန် ၄၀၀ံ ထား၍ ၅မိနစ်လောက် အပူပေးထားလိုက်ပါ... ထို့နောက် မုန့်ဗန်းကိုထည့်၍ ရွှေဝါရောင်သန်း လာသည်အထိ ဖုတ်ထားပါ..... အချိန်အားဖြင့် ၁နာရီကြာပါမည်..... ရွှေဝါရောင်သန်းလာပါက အပူချိန် ၃၅၀ံ သို့လျှော့ချပြီး ရွှေအိုရောင် သန်းလာသည်အထိဖုတ်ပါ..... ရွှေအိုရောင်သန်းလာလျှင် ဓားဦးဖြင့် မုန့်၏အလည်သို့ ထိုးပြီး ပြန်နှုတ်ကြည့်ပါ..... ဓားပြန်ထုတ်လိုက်လျှင် မုန့်ဖတ်များမကပ်ပဲ ပြန်ထွက်လာပါက မုန့်ဗန်းအားမီးဖိုထဲမှာ ထုတ်လို့ရပါပြီ..... ပြီးနောက် အအေးခံထားလိုက်ပါ..... (ထောပတ်သုတ်ခြင်းသည် မုန့်များဗန်းတွင် မကပ်အောင်ဖြစ်သည်။)
ပလောပီနံမုန့်သည် ချိုလျှင်သိပ်မကောင်းပါ..... စိမ့်မှပိုစားကောင်းပါသည်.....


0 comments:

top